ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် မြစ်ကြီးနား အကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး

ဩဂုတ် ၁၃

        ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာသည် ကချင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဦးတူးမော်၊ ကချင်ပြည်နယ်တရားရေးဦးစီးမှူး ဦးမြင့်စိုး၊ မြစ်ကြီးနားခရိုင်တရားသူကြီး ဦးစောဝီလီ နှင့် မြစ်ကြီးနားမြို့နယ် တရားသူကြီး ဦးသန်းထွန်းတို့ လိုက်ပါလျက် ယနေ့နံနက် ၉:၀၀ နာရီအချိန်တွင် မြစ်ကြီးနား အကျဉ်းထောင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

       ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အဖွဲ့သည် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းဗိုလ်နောင်၊ အကျဉ်းထောင်တာဝန်ခံအရာရှိ        ဦးကျော်ထွန်းဦးတို့နှင့်အတူ မြစ်ကြီးနားအကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် အချုပ်တရားခံများ၏ နေရာထိုင်ခင်းသက်သာချောင်ချိမှု ရှိ/မရှိ၊ သန့်ရှင်းမှု ရှိ/    မရှိ၊ စားသောက်ရာတွင် အာဟာရသင့်တင့်မျှတမှု ရှိ/မရှိ၊ မကျန်းမာပါက ဆေးကုသရန် အခွင့်အရေး ရှိ/မရှိ၊ အမျိုးသမီး အကျဉ်းသားများအား အကာအရံ လုံခြုံစွာထားခြင်း ရှိ/မရှိ၊ အကျဉ်းသားများအားနှင့် အချုပ်တရားခံ များအပေါ် နှိပ်စက်ညှင်းပန်းမှု ရှိ/ မရှိ၊ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် အညီထားရှိခြင်း ရှိ/မရှိ၊ Covid-19 ကာလတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိတို့နှင့် စပ်လျဉ်း၍ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့ပြင် ပြစ်ဒဏ်ကျ အကျဉ်းသူ၊ အကျဉ်းသားများ တရားရုံးတွင် အမှုစစ်ဆေးဆဲ အချုပ်သားများ၊ ဥပဒေနှင့်မညီဘဲ ဆောင်ရွက်မှုများ ရှိ/မရှိ စသည်တို့ကို စစ်ဆေးမေးမြန်းပြီး ကြန့်ကြာနေသော အချုပ်တရားခံ အမှုများ မြန်ဆန်စွာ စစ်ဆေးပြီးပြတ်နိုင်ရေး၊ စစ်ဆေးဆဲ အမှုလက်ကျန် လျော့နည်းကျဆင်းရေးတို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနတို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်သည့် အခြေအနေတို့ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။