နောင်မွန်းမြို့နယ်တရားရုံးအဆောက်အအုံသစ် ဖွင့်လှစ်ခြင်း

နောင်မွန်းမြို့နယ်တရားရုံးအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားဖဲကြိုးဖြတ်ရန်နေရာယူထားစဉ်
ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က အဆောက်အအုံသစ်ဆိုင်ဘုတ်အား အမွှေးနံ့သာဖြင့် ပက်ဖျန်းနေစဉ်
ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က တရားရုံးအဆောက်အအုံသစ်ဖွင့်အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားနေစဉ်

ကချင်ပြည်နယ်တရားသူကြီးချုပ် ဦးတူးဂျာ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်ရှိ နောင်မွန်းမြို့နယ်တရားရုံး အဆောက်အအုံသစ်အား တက်ရောက်ဖွင့်လှစ်ခြင်း

                        ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်ရှိ၊ နောင်မွန်းမြို့နယ်တရားရုံးအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ (၁၇)ရက်နေ့ နံနက် (၉)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

                        နောင်မွန်းမြို့နယ်ရှိ နောင်မွန်းမြို့နယ်တရားရုံးအဆောက်အအုံသစ်ကို ကချင်ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးတူးမော်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမဘုဒဂုန်၊ နောင်မွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်၊ လေးမြို့နဒီကုမ္ပဏီ ဒါရိုက်တာဦးချစ်ပိုင်လင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

                        ဆက်လက်၍ အခမ်းအနားကျင်းပရာ ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အများပြည်သူသို့ အရည် အသွေးမြင့် တရားမျှတမှုကို ဖြည့်ဆည်းပေးရန်၊ တရားရုံးများအပေါ် ပြည်သူလူထု၏ စိတ်ချယုံကြည်မှုနှင့် ထိရောက် မှုရှိသည့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန်ဟူသော ရည်မှန်းချက်များဖြင့် (၅)နှစ်တာတရားစီရင်ရေး မဟာဗျူဟာ စီမံကိန်း ၂၀၁၈-၂၀၂၂ ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ယခုလို တရားရုံး ဖွင့်လှစ်ရခြင်းမှာ တရားရုံးဝန်ဆောင်မှုများ အများပြည်သူ လက်လှမ်းမီနိုင်မှုကို လွယ်ကူတိုးတက်စေရေးအတွက် အထောက်အကူ ဖြစ်စေမယ်လို့ ယုံကြည်မျှော်လင့် ကြောင်း ပြောကြားခဲ့ပါသည်။

                        အခမ်းအနားတွင် နောင်မွန်းမြို့နယ်တရားရုံးအဆောက်အအုံသစ် တာဝန်ယူဆောက်လုပ်သည့် လေးမြို့နဒီကုမ္ပဏီ ဒါရိုက်တာဦးချစ်ပိုင်လင်းက အဆောက်အအုံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် မြို့နယ် တရားရုံးအဆောက်အအုံသစ်နှင့် သက်ဆိုင်သည့်စာရွက်စာတမ်းများကို ကချင်ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ် တရားရေးဦးစီးမှူး ဦးမြင့်စိုးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

                        ထို့နောက် နောင်မွန်းမြို့နယ်တရားရုံး အဆောက်အအုံသစ်ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အလံများကို နောင်မွန်းမြို့နယ်တရားသူကြီး ဦးဟန်စိုးမင်းက တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ပါသည်။

                နောင်မွန်းမြို့နယ်တရားရုံးအား ၂၀၀၂-၂၀၀၃ ဘဏ္ဍာရေးနှစ်တွင် တရားရုံးချုပ်ရန်ပုံငွေဖြင့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ ဆောက်လုပ်ထားရာ ယင်းအဆောက်အအုံမှာ ဟောင်းနွမ်းပျက်စီးနေသည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ကျပ်(၂၂၃.၁၆)သန်းဖြင့် အကျယ်အဝန်း အလျား(၈၂)ပေ၊ အနံ (၅၆)ပေ၊ RC တစ်ထပ်တိုက်ကို ကချင်ပြည်နယ်တရားလွှတ်တော်နှင့် ပူတာအိုခရိုင်တရားရုံးတို့မှ ကြီးကြပ်ဆောင် ရွက်ကာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ ပန္နက်ရိုက်၍ စတင်ဆောက်လုပ်ခဲ့ရာ ဩဂုတ်လ (၁၀)ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး နောင်မွန်းမြို့နယ်တရားရုံးအဆောက်အအုံသစ်အား ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။